ဗြိတိန်ရောက် အကွဲကွဲ အပြားပြား ရပ်တည်နေကြသော မြန်မာတိုင်းရင်းသား ပေါင်းစုံ၊ အဖွဲ့ပေါင်းစုံ တို့ကို ပြန်လည်စုစည်း သွားရန် ရည်ရွယ်သော ယာယီ ကော်မတီတစ်ရပ် ဖြစ်ပါသည်။ နိုင်ငံရေးအဖွဲ့အသစ်တခု မဟုတ်ပါ။ ဤသို့ဖြင့် စည်းလုံးမှုကို ရယူကာ၊ ယခု လက်ရှိ ဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေး အကြပ်အတည်းကို ထိုးဖောက် အောင်ပွဲယူရန် ရည်ရွယ်သည်။
U2V ၏ ရည်ရွယ်ချက်
- လူတန်းစား အလွှာပေါင်းစုံ ပါဝင်သော မြန်မာလူမျိုးများအားလုံး ညီညွတ်မှု ရရှိစေရန်။
- စစ်အစိုးရကို အောင်ပွဲခံနိုင်သော စစ်အာဏာရှင်စနစ် ချေမှုန်းရေး ယန္တရားတခု ဖြစ်ပေါ်ဆောင်ရွက်နိုင်စေရန်။
- အာမခံချက်ရှိပြီး ကိုယ့်အားကိုယ်ကိုးသော ငွေရေးကြေးရေး ထောက်ပံ့မှု စနစ်တခု အသက်ဝင်လှုပ်ရှားလာပြီး၊ စစ်အာဏာရှင်စနစ်ကို တွန်းလှန်ရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေမှုကို ဖြည့်ဆီးရန်။
အထင်ကရ ပုဂ္ဂိုလ်များ၏ ညီညွတ်ရေး တောင်းဆိုသံများ
ယနေ့ကာလ ဖြစ်ပေါ်လာနေသော မြန်မာ့နိုင်ငံရေး အခြေအနေများ အောက်တွင် စစ်အစိုးရကို တိုက်ပွဲဝင်နေသူများအားလုံး သိမြင်လာနေသော အချက်တခုမှာ၊ စည်းလုံးညီညွတ်မှု ရရှိရေးပင်ဖြစ်သည်။
ထို့ထက်ပို၍ အလေးထားလုပ်ဆောင်ရန် လိုအပ်သည်မှာ၊ မြန်မာ့နိုင်ငံရေးတွင် ထင်ရှားကျော်ကြားပြီး၊ တကယ့်အစစ်အမှန် ကိုယ်ကျိုးစွန့် လုပ်ဆောင်နေကြသော လေးစားအပ်သော ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည့်
- ဒေါ်အောင်ဆန်းစုကြည်
- လူထုဒေါ်အမာ
- ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ချုပ်ကျော်ဇော
- မစိုးရိမ်ဆရာတော် ဦးကောဝိတ
U2V က ဘာလုပ်ပေးမှာလဲ
U2V က UK ရှိ မြန်မာ့နိုင်ငံရေး အဖွဲ့ပေါင်းစုံနှင့် တသီးပုဂ္ဂလ ပူးပေါင်းဆောင်ရွက်လိုသူများကို ဖိတ်ခေါ်၍ ညီလာခံတခု မကြာမီကျင်းပသွားနိုင်အောင် စီစဉ်ဆောင်ရွက်နေပါသည်။
ညီလာခံကျင်းပမည့် အချိန်နှင့်နေရာ
U2V ညီလာခံကို လက်ရှိ နိုင်ငံရေး အခြေအနေများအရ အမြန်ဆုံးနှင့် အားလုံး ဘက်စုံထောင့်စုံ ပြည့်စုံသည့် အချိန်တွင် ကျင်းပမည်။ ဖေဖေါ်ဝါရီ လထဲတွင် ကျင်းပနိုင်ရန် ခန့်မှန်းထားသည်။ ကျင်းပမည့် နေ့ရက်၊ အချိန်နှင့် အသေးစိတ် အချက်အလက်များကို သီးခြားကြေညာသွားပါမည်။
U2V ညီလာခံ ဖြစ်မြောက်ရေး အကောင်အထည်ဖော်ခြင်း
ညီလာခံကျင်းပရေးအတွက် အဖွဲ့ဝင် ၁၁-ဦး ပါဝင်သော ဖြစ်မြောက်ရေး အဖွဲ့တခုကို ဖွဲ့စည်းထားခဲ့ပြီး၊ ဤအဖွဲ့မှ လိုအပ်ချက်များကို စတင် လုပ်ဆောင်လျက် ရှိပါသည်။ ဤညီလာခံကို သာသနာ့ဥသျှောင်အဖွဲ့ - ဗြိတိန် ၏ ပံ့ပိုးထောက်ခံမှုဖြင့် စတင် အကောင်အထည်ဖော်မည်ဖြစ်ပြီး၊ အောက်ပါလုပ်ငန်းစဉ်များကို ချမှတ်လုပ်ဆောင်သွားရန် အကြမ်းဖျဉ်း စီစဉ်ထားသည်။
- U2V အစီအစဉ်နှင့် ညီလာခံကို ကျင်းပမည့်အကြောင်း လူသိရှင်ကြား ကြေညာခြင်း၊
- U2V အစီအစဉ်နှင့် ပတ်သက်၍ အခြားသော အဖွဲ့အစည်းများ၊ အခြားဒေသများသို့ သွားရောက်၍ အပြန်အလှန် ဆွေးနွေး၊ အကြံပြုချက်များ ရယူခြင်း၊
- U2V ညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားခြင်း၊
- U2V အစီအစဉ်နှင့် ညီလာခံဖြစ်မြောက်ရေးအတွက် စိတ်ပါဝင်စား၊ ပူးပေါင်းဆောင်ရွက်လိုသော နောက်ထပ်အဖွဲ့ဝင်များ စုဆောင်းခြင်း၊
- U2V ညီလာခံကို အကောင်အထည်ဖော်ခြင်း။
U2V ညီလာခံ တက်ရောက်သင့်သူများ
- ဗြိတိန်ရှိ မြန်မာ ရဟန်းသံဃာတော်များ
- မြန်မာ့ဒီမိုကရေစီအရေး လုပ်ဆောင်နေကြသူများ
- စစ်အာဏာရှင်စနစ် ပြုတ်ကျရေးကို ကြိုးပမ်းနေကြသော တသီးပုဂ္ဂလများ၊
- မြန်မာပြည် ဒီမိုကရေစီ အရေးအတွက် ပါဝင်လုပ်ဆောင်လိုသော ဗမာများ၊ တိုင်းရင်းသားများ
- မြန်မာပြည်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြည်နယ်များ ထူထောင်ရေးအတွက် တိုက်ပွဲဝင်နေကြသော တိုင်းရင်းသားများ
- မြန်မာပြည် စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက် ကူညီဆောင်ရွက်လိုသော လူမျိုးခြားများ။
0 comments:
Post a Comment